သင့်ကလေးကို ပျော်ရွှင်ထက်မြက်သောကလေးတစ်ယောက်ဖြစ်စေဖို့

                                

(၁) ကလေးကို အချိန်များများပေးပါ။

သင့်ကလေးနဲ့အတူ အချိန်များနိုင်သလောက် များများနေပါ။ ဒါက သင့်အတွက်တကယ်မလိုအပ်တဲ့ အကျင့်တစ်ချို့ကိုလဲ ပြင်ပြီးသားဖြစ်စေပါတယ်။ (ဥပမာ social network အလွန်အကျွံသုံးခြင်း)။ ကလေးနဲ့အတူ ကြမ်းပြင်မှာ မျက်နှာချင်းဆိုင်ထိုင်ကစားပေးပါ။ ဒီအပြုအမူက ကလေးကို ပိုရင်းနှီးတဲ့ဆက်ဆံမှုအဖြစ် သတိထားမိစေပါတယ်။ ကလေးက ဘာလုပ်ချင်တာလဲ? ကိုယ်ကဘာဖြစ်စေချင်တာလဲ?ဆိုတဲ့ ချိန်ခွင်ဟာ အမြဲမျှတမှကောင်းပါတယ်။ ကြာလာတဲ့အခါမှာ မိဘအနေနဲ့ ငါဖြစ်ချင်တာတွေပဲ များလာပါလိမ့်မယ်။ ဒါကို သေချာထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ကလေးက အတူကစားဖို့တောင်းဆိုတိုင်း လိုက်လျောပေးတတ်ဖို့လိုပါတယ်။

(၂) ကျရှုံးတဲ့အခါ အရမ်းကာကွယ်မပေးပါနဲ့။ 

ဒီအပြုအမူဟာ ချစ်တဲ့လက္ခဏာ လုံးဝမဟုတ်ပါဘူး။ ဒါဟာ မိဘတွေအတွက် အခက်ခဲဆုံး အချက်ဖြစ်ပါလိမ့်မယ်။ ကလေးတွေကို သူလုပ်ချင်တာ လုပ်ခွင့်ပြုလိုက်ပါ။ သူ့အမှားတွေထဲကနေ သူ့ဟာသူသင်ယူပါစေ။ကလေးမှာ သူ့စိတ်သဘောအတိုင်း ကြီးထွားဖွံ့ဖြိုးဖို့အတွက် အခွင့်အရေးရှိကိုရှိပါတယ်။ ရေးလ်တက္ကသိုလ်ရဲ့ ကလေးကျန်းမာရေး ပါမောက္ခ ဒေါ်ရော်သီ စတက်ဘီက "ရဟတ်ယာဉ်နဲ့တူတဲ့မိဘမျိုး ဘယ်တော့မှ မဖြစ်စေပါနဲ့" လို့ပြောခဲ့ဘူးပါတယ်။(ကလေးကို အမြဲအုပ်မိုးထားပြီး အန္တရာယ်မကျရောက်ခင်ကတည်းက ကိုယ့်ကလေးကိုကာကွယ်ဖို့ ကြိုတင်ပစ်ခတ်တာမျိုးကို ဆိုလိုပါတယ်)

(၃) ကလေးရဲ့အောင်မြင်မှုအတွက်ချီးကျူးပေးပါ။

ဒီနေရာမှာ အသေးစိတ်ကလေး ပြောပြချင်ပါတယ်။
ကလေးက သခ်ျာဘာသာရပ်မှာ ၉၅မှတ်ရတယ်ဆိုကြပါစို့
(က) သားကအတော်ဆုံးပဲ။ ဒီအတွက် ဖေဖေဂုဏ်ယူလို့မဆုံးဘူး။
(ခ) သားရဲ့ ကြိုးစားမှုရလာဒ်အတွက် ဖေဖေ အသိအမှတ်ပြု ဂုဏ်ယူပါတယ်။

(က) နဲ့ (ခ) မှာ
(ခ) အဖြေဟာ ကလေးကိုချီးကျူးဖို့ အသင့်လျော်ဆုံးပါ။ ကလေးကို ချီးကျူးတဲ့အခါ သူ့အပြုအမူလေးကို ဖော်ပြပြီးချီးကျူးခြင်းဟာ လမ်းမှန်ကိုရောက်ဖို့ တုတ်နဲ့ရိုက်ပြောဆိုတာထက် ပိုထိရောက်ပါတယ်။

(၄) အပြစ်ပုံချတာ၊ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။

သူ့အမှားအတွက် အပြစ်ပုံချခြင်းဟာ ကလေးရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုပျောက်စေပါတယ်။ အပြစ်ပုံချခြင်းမခံရတဲ့ကလေးတွေဟာ ယုံကြည်ချက်မြင့်မားပြီး စိတ်ဓာတ်တက်ကြွကာ ပျော်ရွှင်တဲ့ကလေးတွေဖြစ်လာမှာ သေချာပါတယ်။နှိုင်းယှဉ်နှိမ့်ချခြင်းဟာလဲ ကလေးကို သိမ်ငယ်စေတတ်ပါတယ်။ကိုယ်ဖြစ်စေချင်တဲ့အပြုအမူကို နည်းပေးလမ်းပြပေးပါ။မဖြစ်စေချင်တဲ့အပြုအမူကို မသိချင်ယောင်ဆောင်နေလိုက်ပါ။

(မသိချင်ယောင်ဆောင်ခြင်းဟာ လမ်းအမှန်ကိုရောက်ဖို့ အသုံးပြုနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်)

(၅) ကျေးဇူးတင်တတ်ဖို့သင်ပေးပါ။

ကျေးဇူးတင်ခြင်းနဲ့ ပျော်ရွှင်မှုဟာ ဆက်စပ်နေကြတယ်။
ကျေးဇူးတင်တတ်တဲ့ အလေ့အထရှိတဲ့ကလေးတွေဟာ အိပ်ရေးဝကြတယ်။ အနုပညာကို မြတ်နိုးတတ်တယ်။ လူတွေအပေါ် အကောင်းမြင်တတ်တဲ့စိတ်နဲ့ အမြင်ကျယ်ကျယ်ကြည့်တတ်ကြတယ်လို့ သုတေသနအချက်အလက်တွေက ဆိုပါတယ်။ကလေးဟာ ဂျီကျပြီး ပြသနာရှာတတ်တဲ့ကလေးဖြစ်နေရင် ကလေးနဲ့ မနက်စာ၊ ညစာကို အတူတူစားပေးပါ။ အိပ်ယာမဝင်ခင် နှုတ်ဆက်တဲ့အကျင့်သင်ပေးပါ။ နေ့စဉ် ကောင်းတဲ့အကြောင်းအရာ (၃)ခုပြောခိုင်းပါ။ မကြာခင် ယဉ်ကျေးလိမ္မာလာပါလိမ့်မယ်။

(၆) အဆိုးတွေကို ဖုံးမထားပါနဲ့။

ကောင်းတဲ့လူတွေအကြောင်းနဲ့ ပုံပြင်တွေသာပြောပြခြင်းကို ရှောင်ကြဉ်ပါ။ဆိုးတဲ့လူအကြောင်း၊ ဆိုးတဲ့ပုံပြင်တွေကလဲ ကလေးကို ဆင်ခြင်တတ်စေပါတယ်။အရာရာဟာ အဆိုးနဲ့အကောင်း၊ အားသာချက်နဲ့ အားနည်းချက် ဒွန်တွဲနေတတ်တဲ့သဘော မြင်အောင်ပြသသင့်ပါတယ်။
လူတိုင်းဟာ ပြီးပြည့်စုံနေတာမဟုတ်ဘူးဆိုတာကို ကလေးသိပါစေ။

(၇) ပျော်ရွင်တဲ့ကလေးတွေမှာ သူငယ်ချင်းအများအပြားရှိတာ တွေ့ရမှာပါ။ 

သင့်သူငယ်ချင်းတွေကို အလေးအနက်ထားခြင်းဖြင့် သူငယ်ချင်း အချင်းချင်း ဆက်ဆံရေးကို ကလေးသင်ယူတတ်ပါစေ။'ကျွန်တော်တို့ဟာ ပျော်ရွင်နေတဲ့အချိန်မှာ အရမ်းတော်တဲ့ မိဘတွေဖြစ်သွားကြတယ်' လို့ အဆိုရှိပါတယ်။ကလေးကို သူတို့သူငယ်ချင်းတွေနဲ့အတူ ကစားကွင်း၊ ပြတိုက်စတဲ့နေရာတွေကို သွားတတ်တဲ့အကျင့်ကို လမ်းပြပေးပါ။

Comments